Tuesday, October 25, 2022

သင်္ချာမြင်ကွင်းကျယ်

မိတ်ဆက်နိဒါန်း

၂၁ ရာစုဟာ သင်္ချာပညာရပ်ကို အသုံးချမှုတွေ အကြီးအကျယ်ပေါက်ကွဲလာတဲ့ ရာစုနှစ်ဖြစ်ပါတယ်။ သင်္ချာဆိုင်ရာ အသိပညာ အတတ်ပညာ တစ်ခုခုကို အသုံးမပြုတဲ့ နယ်ပယ်ဆိုတာ အခုအချိန်မှာ ရှာမတွေ့နိုင်တော့လောက်အောင်ကို ရှားပါးသွားပါပြီ။ ဇီဝဗေဒပညာရှင်တွေက သက်ရှိတွေရဲ့ တိုးပွားနှုန်း၊ ပျက်သုဉ်းနှုန်း စတာတွေကို တွက်ချက်ဖို့ "အလိုက်ပြောင်း သမူဟ ညီမျှခြင်း[1]" တွေကို အသုံးပြုလာကြတယ်။ ဓာတုဗေဒပညာရှင်တွေက မော်လီကျူးတွေရဲ့ ဖွဲ့စည်းပုံကို ဖော်ပြဖို့ "ထုရှိ ဂျီသြမေတြီ[2]" ကို အသုံးပြုလာကြတယ်။ ရုပ်ရှင် သဘင် ပြဇာတ်တစ်ခုအတွက် အနုပညာဆန်တဲ့ အကောင်းဆုံး အလင်းရောင်အနေအထားရအောင် ဘယ်လိုပေးမလဲဆိုတာကို ရွေးချယ်ဆုံးဖြတ်ဖို့ ဓါတ်ပုံပညာရှင်တွေဟာ "ထြီဂိုနိုမေထြီ[3]" ကိုအသုံးပြုလာကြတယ်။ သမိုင်းပညာရှင်တွေနဲ့ စာပေပညာရှင်တွေဟာ စကားလုံးတွေကို “စာရင်းအင်းနည်းဖြင့်ခွဲခြမ်းစိတ်ဖြာခြင်း[4]” ကိုအသုံးပြုပြီး၊ တစ်စိတ်တစ်ပိုင်းပဲဖြစ်နေတဲ့ မထင်မရှားဖြစ်နေတဲ့ မှတ်တမ်းမှတ်ရာ စာရွက်စာတမ်းတွေရဲ့  အရေးအသားကို ဆုံးဖြတ်လာကြတယ်။ အစိုးရတွေ၊ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေနဲ့ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူတွေဟာ ‘ထုတ်လုပ်မှု၊ ဈေးနှုန်း အရှုံး အမြတ်’ စတာတွေကို ဆုံးဖြတ်ဖို့ သင်္ချာစည်းမျဉ်းတွေကို မဖြစ်မနေ အသုံးပြုကြရပါတယ်။ သင်္ချာပညာရပ်ကို အသုံးချထားတဲ့ နယ်ပယ်တွေ နေရာတွေ အကြောင်းဟာ ‘ပြောမဆုံးပေါင် တောသုံးထောင်’ ပါပဲ။ ဒါကြောင့် လူ့ကျန်းမာရေးကနေ စကြာဝဠာလေ့လာရေးအဆုံး ဘယ်လိုပညာရပ်ကိုမဆို ထိုးထွင်းသိမြင်နားလည်နိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်စဉ်းစားနိုင်ဖို့ဆိုရင် သင်္ချာပညာရပ်ကို မဖြစ်မနေ အသုံးချရမှာဖြစ်ပါတယ်။

 

ကျန်းမာရေး ‘အတွက်’

ကျန်းမာရေးလောကမှာ ‘အသက်အလိုက် ဘီအမ်အိုင်’[5] လို့သိကြတဲ့  ‘ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း[6]’ ဆိုတာကိုအသုံးပြုပြီး လူတစ်ယောက်ဟာ အဝလွန်နေခြင်းရှိ၊ မရှိကို ဆုံးဖြတ်လေ့ရှိပါတယ်။ ဘီအမ်အိုင်ဆိုတာ လူတစ်ယောက်ရဲ့ကိုယ်အလေးချိန် (ကီလိုဂရမ်) ကို၊ သူ့ရဲ့အရပ်အမြင့်နှစ်ထပ် (စတုရန်းမီတာ) နဲ့ စားထားတဲ့ တန်ဘိုးတစ်ခုပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် လူတစ်ယောက်ဟာ အရပ် ၁.၇ မီတာ (၅ ပေ၊ ၇ လက်မ) ရှိပြီး ကိုယ်အလေးချိန် ၇၅ ကီလိုဂရမ် (၁၆၅ ပေါင်) ဖြစ်တယ်ဆိုရင်၊ ၎င်းရဲ့ BMI ဟာ '၂၅.၉၅' ဖြစ်ပါတယ်။ ဒါဆိုရင် သူဟာ အောက်ပါ စံညွှန်းအရ ‘အဝလွန်’တဲ့အဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။

Obesity classification according to WHO and Asia-Pacific guidelines

WHO (BMI)

Asia-Pacific (BMI)

Underweight

<18.5

<18.5

Normal

18.5–24.9

18.5–22.9

Overweight

25–29.9

23–24.9

Obese

≥30

≥25

Abbreviations: WHO, World Health Organization; BMI, body mass index. (REF: https://www.ncbi.nlm.nih.gov/pmc/articles/PMC5571887/)

ဒါဆိုရင် ကျန်းမာရေးအတွက် ရှိသင့်တာထက် ပိုနေတဲ့ ကိုယ်အလေးချိန်ကို လျှော့ချပေးရပါမယ်။ ကျန်းမာရေးအတွက် ကိုယ်အလေးချိန် လျှော့ချတဲ့နေရာမှာ ‘လမ်းညွှန်အထွေထွေ နည်းလမ်းအသွယ်သွယ်’ ရှိပေမဲ့  စနစ်တကျ တွက်ချက်ခြင်းသာ မပါဝင်ဘူးဆိုရင် အောင်မြင်ဖို့ အလွန်ခဲယဉ်းမယ်လို့ ဆိုချင်ပါတယ်။ ဘာကို တွက်ချက်ရမှာလဲဆိုတော့ မိတ်ဆွေစားသုံးလိုက်တဲ့ ‘ကယ်လိုရီ’ ပမာဏပါ။  တကယ်တော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ လောင်ကျွမ်းနိုင်တဲ့ ကယ်လိုရီထက် ပိုစားသုံးရင် ပိုလျှံတဲ့ ကယ်လိုရီတွေကို အဆီအဖြစ် သိမ်းဆည်းထားတာဖြစ်ပါတယ်။ ခန္ဓာကိုယ်အလေးချိန်တစ်ပေါင်အတွက် ၃,၅၀၀ ကယ်လိုရီ လိုအပ်တာကြောင့်၊ မိတ်ဆွေဟာ တစ်နေ့ကို ကယ်လိုရီ ၅၀၀ အပိုစားသုံးခြင်းဟာ တစ်ပတ်မှာ ကယ်လိုရီ ၃,၅၀၀ သို့မဟုတ် ကိုယ်အလေးချိန် တစ်ပေါင်တိုးလာမှာဖြစ်ပါတယ်။

တကယ်လို့ မိတ်ဆွေဟာ တပတ်အတွင်းမှာ ကေအက်ဖ်စီကြက်ကြော် (၇၇၀ ကယ်လိုရီ ရှိတဲ့ရင်ပုံ နှစ်ခု၊ ၅၀၀ ကယ်လိုရီရှိတဲ့ပေါင် နှစ်ခု၊ ၇၇၀ + ၇၇၀ + ၅၀၀ + ၅၀၀) စုစုပေါင်း ကယ်လိုရီပမာဏ ၂,၅၄၀ အပို စားသုံးမိတယ်ဆိုပါစို့။ ဒါပေမဲ့ မိတ်ဆွေဟာ တစ်ပတ်အတွင်းမှာ၊ တင်းနစ်တစ်နာရီကစားလို့ ၅၆၃ ကယ်လိုရီ၊ အပြေးလေ့ကျင့်ခန်းတစ်နာရီလုပ်လို့ ၄၉၈ ကယ်လိုရီ၊  ရေတစ်နာရီကူးလို့ ၇၀၄ ကယ်လိုရီ၊ ဘတ်စကက်ဘော တစ်နာရီကစားလို့ ၅၁၂ ကယ်လိုရီလောင်ကျွမ်းစေခဲ့တယ်ဆိုပါစို့။ မိတ်ဆွေဟာ တစ်ပတ်တာအတွင်း ကယ်လိုရီ စုစုပေါင်း ၂,၂၇၇ လောင်ကျွမ်းနိုင်စေမဲ့ အားကစားတွေ လှုပ်ရှားမှုတွေ လုပ်ခဲ့ပေမဲ့ ကိုယ်အလေးချိန်တက်မလာအောင်ဆိုရင် နောက်ထပ် (၂၅၄၀ - ၂၂၇၇) ၂၆၃ ကယ်လိုရီကို လောင်ကျွမ်းစေမဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ထပ်မံ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဲ့ဒီလိုမှ မလုပ်ရင် ဒီပိုလျှံနေတဲ့ ကယ်လိုရီ ၂၆၃ ဟာ တစ်နှစ်တာကာလအတွင်းမှာ၊ (၂၆၃  x ၅၄ )  ၁၄၂၀၂ ကယ်လိုရီ ကျော် သို့မဟုတ် ကိုယ်အလေးချိန် (၁၄၂၀၂ / ၃၅၀၀) ၄-ပေါင်လောက် တိုးလာမှာ ဖြစ်ပါ။ ဒါဟာ ဘာကိုညွှန်ပြသလဲဆိုတော့ မိတ်ဆွေရဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ဆိုရင် မိတ်ဆွေဟာ မဖြစ်မနေ အမြဲတစေ တွက်ချက်နေရမှာဖြစ်ပြီး၊ အဲ့ဒီတွက်ချက်မှုက ညွှန်ပြတဲ့ ကိန်းဂဏန်းတွေအပေါ်မှာမူတည်ပြီး မိတ်ဆွေရဲ့ ကျန်းမာရေးအတွက် ‘လှုပ်ရှား စားသောက် နေထိုင်’ ရမှာဖြစ်ပါတယ်။ ဒါကြောင့် သင်္ချာကိုသာ အသုံးမချရင် ကျန်းမာရေးအတွက် ကိုယ်အလေးချိန်လျှော့ချဖို့ ကျိုးစားမှုတွေဟာ အောင်မြင်နိုင်ဖို့ အခွင့်အလမ်းနည်းတယ်လို့ ဆိုချင်ပါတယ်။

 

ကောက်ချက်ဆွဲခြင်း နှင့် အချိုး

ကျွန်တော်တို့ဟာ အရာနှစ်ခုကို တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ဖို့အတွက် အပိုင်းလို့ပဲခေါ်ခေါ်၊ အချိုးလို့ပဲပြောပြော၊ အစားလို့ပဲဆိုဆို အဲ့ဒီသင်္ချာဆက်သွယ်ချက်ကို မကြာခဏအသုံးပြုကြပါတယ်။ ဥပမာအားဖြင့်၊ သုတေသီတစ်ဦးဟာ၊ ဆေးဝါးကုသမှုနဲ့ပတ်သက်ပြီး နိုင်ငံအနှံ့အပြားမှာ လူတွေ ဘယ်လောက်အထိ  လက်လှမ်းမီနိုင်မှုရှိသလဲ၊ ဒေသတစ်ခုမှာ ဆရာဝန်လုံလောက်မှုရှိမရှိ ဆိုတာကို သိချင်တယ်ဆိုပါစို့။ ယေဘုယျပြောမယ်ဆိုရင်တော့ မြို့ကြီးတွေမှာ မြို့ငယ်လေးထက် ဆရာဝန်တွေ ပိုရှိသင့်တယ်လို့ သာမန်အားဖြင့် ကောက်ချက်ဆွဲနိုင်မှာဖြစ်ပေမဲ့၊ ၎င်းနှစ်ခုကို အဓိပ္ပါယ်ရှိရှိ ဘယ်လိုနှိုင်းယှဉ်နိုင်မလဲဆိုတာ ထပ်မံစဉ်းစားပြီး ပိုမိုတိကျစွာ ပြောနိုင်ဖို့ ကျိုးစားရဦးမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေအတွက် ချဉ်းကပ်နည်းတစ်ခုကတော့ သင်္ချာပညာသဘောတရားတစ်ခုဖြစ်တဲ့ “အချိုး” တွေကို တွက်ချက် အသုံးပြုခြင်းဖြစ်ပါတယ်။ ဆိုလိုတာက အရပ်ဒေသတစ်ခုရဲ့ နေထိုင်သူလူဦးရေနဲ့ ဆရာဝန်အရေအတွက်ကို ခွဲဝေအချိုးချကြည့်ခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ ဒေသတစ်ခုမှာ နေထိုင်သူ ၂၇၀၀ နဲ့ ဆရာဝန် ၃ ဦးရှိရင် လူ ၉၀၀ အတွက် ဆရာဝန် ၁ ဦး ဆိုတဲ့ အချိုးကို သိနိုင်မှာဖြစ်ပါတယ်။ အခြားနေရာဒေတွေမှာ မတူညီတဲ့ အချိုးတွေ ရှိနိုင်ပါတယ်။ တချို့မြို့ငယ်တွေမှာ နေထိုင်သူ ၅,၀၀၀ အတွက် ဆရာဝန်တစ်ဦး၊ တစ်ချို့ မြို့ပြဧရိယာတွေမှာ နေထိုင်သူ ၁၀၀ တိုင်းအတွက် ဆရာဝန်တစ်ဦး စသည်ဖြင့် ရှိနိုင်ပါတယ်။ အဲ့ဒီလိုအချိုးတွက်ချက်မှုကို အသုံးပြုပြီး လေ့လာသူသုတေသီတစ်ဦးဟာ၊ ဒေသတစ်ခုကို တခြားမည်သည့်ဒေသနဲ့မဆို နှိုင်းယှဉ်နိုင်မှာဖြစ်ပြီး၊ ဆရာဝန်အချိုးမြင့်မားတဲ့ဒေသတွေမှာ နေထိုင်သူတွေဟာ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်တယ်လို့ အဓိပ္ပါယ်ရှိရှိ ကောက်ချက်ချနိုင်မှာဖြစ်ပါတယ်။ ဒီရိုးရှင်းလှတဲ့ သင်္ချာအချိုးသဘောတရားကို အသုံးချပြီး၊ ဝန်ထမ်းတွေ ခန့်ထားတာ၊ နေရာချတာ၊ ဘတ်ဂျက်သုံးစွဲတာ စတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးလှတဲ့ “အရင်းအမြစ်ခွဲဝေသုံးစွဲရေး” ကိစ္စကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ပါတယ်။ ဒါကြောင့် သင်္ချာကိုသာ အသုံးမချရင် မှန်ကန်ထိရောက်တဲ့ ကောက်ချက်ဆွဲမှုမျိုး ပြုလုပ်နိုင်မှာမဟုတ်ဘူးလို့ ဆိုချင်ပါတယ်။

 

မီးသတ်ဋ္ဌာန နေရာချ

 

မြို့ပြအတွက် မဖြစ်မနေ လိုအပ်ပြီး အရေးပါလှတဲ့ မီးသတ်ဋ္ဌာနတွေကို အဆင်အပြေဆုံး အထိရောက်ဆုံး ဝန်ဆောင်မှုပေးနိုင်အောင် နေရာချမယ်ဆိုရင်၊ ၎င်းမီးသတ်ဋ္ဌာနက မီးသတ်ကားတွေဟာ တစ်မြို့လုံးကို အကွာအဝေး အနီးစပ်ဆုံးညီတူညီမျှနဲ့ အရောက်သွားနိုင်တဲ့ နေရာတွေဖြစ်ရပါမယ်။ ဒါကြောင့် မြို့ရဲ့အစွန်ဆုံး အရှည်ဆုံးလမ်းကြောင်းလိုမျိုးကို အချိန်အတူတူလောက်နီးပါးအတွင်းမှာ အရောက်သွားနိုင်အောင် နေရာချထားသင့်ပါတယ်။ ဥပမာပေးရရင် မြို့ကွက်တည်နေပုံဟာ  စက်ဝိုင်းပုံမျိုးသာ နီးနီးစပ်စပ်ဖြစ်တယ်ဆိုရင် သူ့ရဲ့ ဗဟိုချက် လိုနေရာမျိုးကို ဆိုလိုတာပါ။ ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ မြို့ကွက်အနေအထားဟာ ပုံသဏ္ဍာန်အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်  လမ်းဆုံလမ်းမကြီးတစ်ခုစီအတွက် သြဒီနိတ်အမှတ်တွေကို မြို့မြေပုံပေါ်မှာ နေရာချ၊  ပြီးတော့ မြို့ရဲ့အစွန်းမှတ် အဆုံးမှတ်တွေရဲ့ ကိုသြဒီနိတ်တွေအပေါ် အခြေခံပြီး လမ်းတစ်ခုချင်းစီရဲ့ နှိုင်းရအကွာအဝေး 'd' ကို ဆုံးဖြတ်ဖို့ အမှတ် " (x1, y1)" နဲ့ "(x2, y2)" တို့ကို အသုံးပြုပြီး အကွာအဝေးဖော်မြူလာ "d = sqrt((x1 − x2)2 + (y1 − y2)2)" ကို အသုံးပြုပြီး အမှတ်ပေါင်းများစွာအတွက် တွက်ချက်ကြည့်ရမှာဖြစ်ပါတယ်။ ဒါမှသာ မီးသတ်ကားတွေအတွက် အကောင်းဆုံးဖြစ်နိုင်ခြေရှိတဲ့ တူညီတဲ့အချိန်အတွင်း ရောက်နိုင်လောက်တဲ့ "ဆုံရပ် ဆုံမှတ် လမ်းဆုံ" စတာမျိုးကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလို ရွေးချယ်လို့ ရတဲ့ ရလဒ်အပေါ်မှာ မူတည်ပြီး မီးသတ်ဋ္ဌာနကို နေရာချရမှာဖြစ်ပါတယ်။ ဒါကြောင့် သင်္ချာကိုသာ အသုံးမချရင် မီးကိုတောင် ထိထိရောက်ရောက် ငြိမ်းသတ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။

 

အနုပညာကြည့်ခြင်း၏ အတတ်ပညာ

မိတ်ဆွေဟာ အကောင်းဆုံးသော အနုပညာခံစားသူတစ်ဦးဖြစ်လိုတယ်ဆိုရင် မဖြစ်မနေ သင်္ချာကို အသုံးပြုရပါလိမ့်မယ်။ ပုံတစ်ပုံရဲ့ အကောင်းဆုံးမြင်ကွင်းအနေအထားက၊ အောက်ပါပုံမှာပြထားတဲ့အတိုင်း ကြည့်ရှုသူရဲ့၊ ပန်းချီကားရဲ့အောက်ခြေကနေ ပန်းချီးကားထိပ်သို့ထောင့် α အကြီးဆုံးဖြစ်တဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ပန်းချီကားတစ်ချပ်ကနေ ဘယ်လောက်အကွာအဝေးမှာ ရပ်ပြီး ပန်းချီကားကို ကြည့်ရှုခံစားသင့်သလဲဆိုတဲ့ အကောင်းဆုံး စံ' အကွာအဝေး d ဟာ၊ ကြည့်ရှုသူရဲ့ မျက်လုံးအမြင့်ကနေ ဘယ်လောက်အကွာအဝေးမှာ ပန်းချီကားအောက်ခြေရှိနေသလဲဆိုတဲ့ 'b' တန်ဘိုးနဲ့၊ ကြည့်ရှုသူရဲ့ မျက်လုံးအမြင့်ကနေ ဘယ်လောက်အကွာအဝေးမှာ ပန်းချီကားအထက်စွန်းဘောင်ရှိနေသလဲဆိုတဲ့ 't' တန်ဘိုးအပေါ် မူတည်ပါတယ်။ သင်္ချာညီမျှခြင်းနဲ့ ပြောမယ်ဆိုရင် 'd-equal-square-root-of-b-t' ဖြစ်ပါတယ်။

·         ပန်းချီကားကနေ ကြည့်သူထံအကွာအဝေး တနည်း ပန်းချီကားနဲ့ ကြည့်သူအကွာအဝေး 'd' ဟာ၊

·         လူရဲ့မျက်လုံးနဲ့တည့်တည့်နေရာကနေ ပန်းချီကားရဲ့ အောက်ဖက်အစွန်းအကွာအဝေး 'b'နဲ့

·         ပန်းချီကားရဲ့ အပေါ်ဖက်စွန်းကနေ ပန်းချီကားချိတ်ဆွဲထားတဲ့ နံရံပေါ်က လူရဲ့မျက်လုံးနဲ့တည့်တည့်နေရာအထိ အကွာအဝေး 't' တို့ နှစ်ခု မြှောက်လာဒ်ရဲ့

နှစ်ထပ်ကိန်းရင်း နဲ့ တူတဲ့အခါမှာ

·         ပန်းချီကားတစ်ချပ်ရဲ့ အကောင်းဆုံးကြည့်ရှုနိုင်တဲ့ထောင့် α ဟာ အကြီးဆုံးဖြစ်တယ်။

 

 

ဥပမာ… ပျမ်းမျှအားဖြင့် သာမန်လူတစ်ဦးဟာ အရပ် ၆၇ လက်မခန့်ရှိပြီး ပန်းချီကားကြီးတစ်ချပ်ဟာ အထက်အောက် အရှည် ၆၀ လက်မရှိပြီး၊ ပန်းချီကား အောက်ခြေဟာ မြေပြင်ကနေ ၇၀ လက်မခန့်ရှိတယ်ဆိုပါဆို့။  ဒါဆိုရင် 'b = 70 − 67 = 3' နဲ့ 't = 3 + 60 = ၆၃' ဖြစ်ပါမယ်။ ဒါ့ကြောင့် 'd = √3 x 63 ≈ 13.7' လက်မဖြစ်တဲ့အတွက်၊ အဲ့ဒီတန်ဘိုးအပေါ်မှာအခြေခံပြီး 'မြင်ကွင်းမျဉ်း' ဆွဲဖို့ သင့်လျော်တဲ့ နေရာဟာ၊ နံရံကနေ 14 လက်မခန့် အကွာမှာ ရှိသင့်ပါတယ်။ ဒီ ပုံသေနည်းကိုပဲ ရုပ်ရှင်ရုံတစ်ရုံမှာ အကောင်းဆုံးနေရာအနေအထားဖြစ်မဲ့ ထိုင်ခုံကိုရှာဖို့ဆိုတဲ့ ကိစ္စမျိုးမှာလည်း အသုံးချနိုင်ပါတယ်။ ဒါကြောင့် သင်္ချာကိုသာ အသုံးမချရင် အနုပညာခံစားမှုပြုလုပ်တဲ့နေရာမှာ အကောင်းဆုံးသောရသကို ရရှိစေမဲ့ အခွင့်အရေးမျိုး လက်လွတ်သွားနိုင်တယ်လို့ ဆိုချင်ပါတယ်။

 

အလိုက်ပြောင်းသော ချည်ထိုးခြင်း

လူ့အသိတရားရဲ့အသီးအပွင့်တစ်ခုအဖြစ် မှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့တဲ့၊ နယ်ပယ်ပေါင်းစုံမှာ ထဲထဲဝင်ဝင် အသုံးချနေတဲ့၊ အဆင့်မြင့် သီအိုရီတွေ အတွေးအခေါ်တွေ အသစ်အသစ်သော ပညာရပ်တွေကို အကောင်းဆုံး ချဉ်းကပ်နားလည်နိုင်စေမယ့်၊ သင်္ချာပညာရပ်တစ်ခုကတော့  ကဲကုလပ်စ်[7] ပဲဖြစ်ပါတယ်။ ကဲကုလပ်စ် ဟာ ညီမျှခြင်းတွေ ရဲ့ ဆက်သွယ်ချက်ကိုရှာတာ လို့ ရိုးရိုးပဲ တွေးနိုင်ပါတယ်။ ကဲကုလပ်စ်မှာ သုံးနေတဲ့ ဖန်ရှင်ဆိုတာ တကယ်တော့ အက္ခရာသင်္ချာညီမျှခြင်း တွေပါပဲ။ “x ၏ ဖန်ရှင်” ဆိုတာ တကယ်တော့ “ဝိုင်တန်ဘိုးအတွက်ညီမျှခြင်း”ပဲ ဖြစ်ပါတယ်။ x ဝင်ရိုးတစ်လျောက်ပြောင်းလဲလာတဲ့ x  ရဲ့ တန်ဘိုးတွေကို  ဖန်ရှင် လုပ်လိုက်ရင်၊ တနည်းအားဖြင့် x တန်ဘိုးကို ပေးထားတဲ့ ညီမျှခြင်းထဲမှာ အစားထိုး ထည့်သွင်းတွက်ချက်လိုက်ရင်  y တန်ဘိုးတွေ ရလာတာပဲ မဟုတ်ပါလား။ ဒါကြောင့် ကဲကုလပ်စ်ဆိုတာ ဖန်ရှင် တွေအချင်းချင်းရဲ့ ဆက်သွယ်ချက်ကို ရှာတာ ဆိုရင်လည်း မမှားပါဘူး။ အဲ့ဒီလို ဖန်ရှင်တွေအချင်းချင်း ဘယ်လိုဆက်သွယ်နေကြသလဲဆိုတာကို “စက်လုံး၊ စက်ဝိုင်း” ကို အသုံးပြုပြီး လေ့လာကြည့်ပါမယ်။

            ကဲကုလပ်စ် သင်ယူဖူးသူတိုင်း မှတ်မိလေ့ရှိတဲ့၊ အလိုက်ပြောင်းကဲကုလပ်စ်[8] ရဲ့  ထပ်ကိန်းစည်းမျဉ်း[9]  ဖြစ်တဲ့ “ပါဝါရှေ့ချ ပါဝါတစ်ထပ်လျော့”  ဆိုတဲ့ နည်း အတိုင်း၊ စက်လုံးရဲ့ထုထည် 4/3 πr3 ကို Differentiate လုပ်တဲ့အခါမှာ စက်လုံး ရဲ့မျက်နှာပြင် ဧရိယာ 4 πr2 ရလာသလို၊ စက်ဝိုင်းရဲ့ ဧရိယာ πr2 ကို Differentiate လုပ်တဲ့အခါ စက်ဝိုင်းရဲ့ ပတ်လည်အနား 2πr တနည်းအားဖြင့် πd ရလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဂေါ်ဖီထုပ်မှာရှိတဲ့ ဂေါ်ဖီရွက်တွေကို တစ်လွှာချင်း တစ်ရွက်ချင်းခွာလိုက်တဲ့အခါ၊ ဂေါ်ဖီထုပ်ဆိုတဲ့အလုံးကြီး၊ ထုထည်ကြီး ပျောက်သွားပြီး၊ ဂေါ်ဖီရွက်တွေရလာ၊ အဲ့ဒီ‌ဂေါ်ဖီရွက်တွေကို အလွန့်အလွန်သေးငယ်စွာ လှီးဖြတ်လိုက်တဲ့အခါမှာ ဂေါ်ဖီရွက်မျှင်လေးတွေ ရလာသလိုမျိုးဖြစ်ပါတယ်။ ဒါကိုတနည်းတဖုံ ရှုမြင်ကြည့်မယ်ဆိုရင်၊ ထုရှိတဲ့ သုံးဖက်တိုင်း အရာဝတ္ထုတစ်ခုကို အလိုက်ပြောင်းတဲ့အခါမှာ၊ အထူ ထု ကို လျစ်လျူရှုနိုင်လောက်တဲ့အထိ၊ အလွန့်အလွန်သေးငယ်ပါးလျားစွာ ခွဲ စိတ် ပိုင်းဖြတ်မယ် ဆိုရင်၊ တနည်းအားဖြင့် သင်္ချာစကားနဲ့ပြောတဲ့အခါ dx တန်ဖိုးဟာ သုည အနားကို ချဉ်းကပ်လာတဲ့အခါ၊ နှစ်ဖက်တိုင်း ဧရိယာရလာပြီး၊ အဲ့ဒီလို ဧရိယာကို ဆက်ပြီး အလိုက်ပြောင်းတဲ့အခါမှာ တစ်ဖက်တိုင်း အလျားတစ်ခု ရလာတဲ့ အဆက်အစပ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဆန့်ကျင်ဖက်ကနေ ကြည့်မယ်ဆိုရင် ကဲကုလပ်စ်ရဲ့ ပေါင်းစည်းခြင်း သမူဟပြုခြင်းသဘောတရားမှာတော့၊ ထိပ်ဖြတ်ဧရိယာ (ချည်မျှင်တစ်စရဲ့အချင်းတန်ဘိုး)ကို လျစ်လျူရှုနိုင်လောက်အောင် အလွန်သေးငယ်တဲ့ ချည်မျှင်လေးတွေကို ရက်လုပ်လိုက်တဲ့အခါမှာ နှစ်ဖက်တိုင်းသဘောဆောင်တဲ့ အဝတ်အထည်တွေရလာသလို၊ အဲ့ဒီအဝတ်အထည်ပေါင်းများစွာကို ပေါင်းလိုက်တဲ့ ထပ်လိုက်တဲ့အခါ သုံးဖက်တိုင်းသဘောဆောင်တဲ့ အဝတ်အထည်ပုံကြီး ရလာတဲ့ ဥပမာမျိုးလိုပါပဲ။ ဒါကြောင့် သင်္ချာပညာဟာ မိတ်ဆွေရဲ့လက်ထဲမှာတင် မိတ်ဆွေဝတ်ဆင်ထားတဲ့ အဝတ်အထည်တွေပေါ်မှာတင် တွေ့နိုင်တယ်လို့ ဆိုချင်ပါတယ်။

 

အသံထဲက လော့ဂရစ်သမ်

ကျွန်တော်တို့ဟာ လော့ဂရစ်သမ် သဘောတရားတွေကို အလယ်တန်းအဆင့်လောက်ကတည်းက စတင် လေ့လာခဲ့ကြရတာဖြစ်ပါတယ်။ လော့ဂရစ်သမ်ဆိုတာ  'အခြေကိန်း' လို့ ခေါ်တဲ့ ကိန်းတစ်ခုကို၊ ကိုယ်သိလိုတဲ့ကိန်းတစ်ခုနဲ့ တူညီစေဖို့၊ မြှင့်တင်ပေးရမဲ့ 'ထပ်ကိန်း-ပါဝါ' ပဲ ဖြစ်ပါတယ်။ 'အခြေကိန်း' ဟာ ၁၀၊ ၂၊ အွိုင်းလားကိန်းသေ e ... စသည်ဖြင့် မျိုးစုံဖြစ်နိုင်ပါတယ်။ အဲ့ဒီ လော့ဂရစ်သမ်သဘောတရားဟာ မိတ်ဆွေရဲ့ လက်တစ်ကမ်းထက်ကို နီးနီးကပ်ကပ် တည်ရှိနေပါတယ်။ 'ဒက်ဆီဘယ်လ်' (Decibels - dB) ဆိုတာ အသံတစ်သံရဲ့ အတိုးအကျယ် အပျော့အပြင်း အဆင့် တိုင်းတာမှုအတွက် အသုံးပြုတဲ့ ယူနစ်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ 'ဒက်ဆီဘယ်လ်' ဟာ စတီရီယိုစနစ်တွေ၊ ရုပ်မြင်သံကြားစနစ်တွေနဲ့ တခြား အသံပိုင်းဆိုင်ရာပစ္စည်းတွေအတွက်လည်း  ဘုံသုံးစွဲတဲ့ အတိုင်းအတာတစ်ခုဖြစ်ပြီး log10 စကေးပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ နားနဲ့ သာမန်အားဖြင့်ကြားနိုင်တဲ့ အနိမ့်ဆုံး အတိုးဆုံးအသံကို 'အကြားအာရုံအဆင့်' လို့ ခေါ်ပြီး၊ ၎င်းဟာ သန်းပေါင်းတစ်ထောင်ရဲ့ ၀.၃ အပုံလောက်ထိအောင်ကို၊ အလွန့်အလွန်သေးငယ်တဲ့၊ လေဖိအားအပြောင်းအလဲလေးသာ ဖြစ်ပါတယ်။ အသံအတိုင်းအတာ စကေးဟာ 'အကြားအာရုံအဆင့်'ထက် ပိုကြီးမားတဲ့အဆအရေအတွက်ရဲ့ လော့ဂ်တန်ဘိုးကို ဆယ်ဆပြုထားတာပါ။ သင်္ချာပုံစံနဲ့ ဖေါ်ပြရင်

dB = log (Number of times greater than threshold of hearing) x 10

ဖြစ်ပါတယ်။ ဒီအချက်တွေကနေ အများကြီး ဆင့်ပွားတွေးကြည့်နိုင်ပါတယ်။ ဥပမာအားဖြင့် လူတို့ရဲ့ သာမန် ပုံမှန် စကားပြောသံဟာ ၆၀ dB ရှိတဲ့အတွက်၊ ၎င်းဟာ အတိုးညင်းဆုံးဖြစ်တဲ့လူ့အကြားအာရုံအဆင့်ထက် အဆပေါင်း (၁၀၆ = ၁,၀၀၀,၀၀၀) တစ်သန်း ပိုကျယ်တယ်ဆိုတာကို သိနိုင်ပါတယ်။ သံစုံတီးဝိုင်းကြီးတစ်ခုရဲ့ အသံကျယ်လောင်မှုအဆင့် ၉၀ dB ဝန်းကျင်ခန့်ရှိတဲ့ အသံတွေအထိ ကျွန်တော်တို့ ဘေးကင်းစွာကြားနိုင်ပြီး၊ နားကို ထိခိုက်မှုမစတင်မီ အဲ့ဒီထက်ပိုမိုကျယ်လောင်တဲ့အသံတွေကိုလည်း ကြားနိုင်ပါသေးတယ်။ ဥပမာအားဖြင့် ရော့ခ်ဂီတဖျော်ဖြေပွဲရဲ့ ရှေ့ဆုံးတန်းနေရာတွေမှာ အသံကျယ်လောင်မှုအဆင့်ဟာ ၁၁၀ dB လောက်အထိ ရောက်ရှိနိုင်ပါတယ်။ အဲဒီနောက်မှာတော့ နားစည်ရဲ့နာကျင်မှုနဲ့ ချက်ချင်းဆိုသလို အကြားအာရုံဆုံးရှုံးခြင်းတွေ ရှိလာနိုင်ပါတယ်။ အဲ့ဒီလောက်အထိ ကျယ်လောင်တဲ့အသံဟာ လူရဲ့နားက အာရုံခံဖမ်းယူနိုင်တဲ့ အနိမ့်ဆုံးအသံထက် အဆပေါင်း (၁၀၁၁) ၁၀၀ ဘီလီယံခန့်အထိကိုရှိပါတယ်။ ဒါကြောင့် သင်္ချာပညာရဲ့ လော့ဂရစ်သမ်သဘောတရားကို သိထားရင် လူရဲ့ နားဟာ အံ့သြဖွယ်ကောင်းလောက်တဲ့ အသံကွာခြားမှုကို လက်ခံနိုင်တယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ရမှာဖြစ်တယ်လို့ ဆိုချင်ပါတယ်။

 

အာကာသထဲက သင်္ချာ

၁၉၈၄ ခုနှစ်မှာ ဂြိုလ်သားသက်ရှိတွေနဲ့ ၎င်းတို့ရဲ့ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားတွေကို ရှာဖွေတဲ့ Extraterrestrial Intelligence (SETI) Institute ကို အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆီလီကွန်ဗေးလီးမှာ စတင်တည်ထောင်ခဲ့ပါတယ်။ ၎င်းရဲ့ အရေးကြီးတဲ့အလုပ် တစ်စိတ်တစ်ပိုင်းကတော့၊ အာကာသက ဝင်လာတဲ့ ရေဒီယို အချက်ပြမှုတွေကို ရှာဖွေခြင်း ဖြစ်ပါတယ်။ ဆို့ကြပါစို့… တနေ့မှာ  SETI ဟာ ဂြိုလ်သားယဉ်ကျေးမှုတစ်ခုအသွင်ဆောင်တဲ့ အချက်ပြမှုတစ်ခုကို တွေ့ရှိခဲ့တယ် ဆိုပါစို့။ အကြီးတန်း နက္ခတ္တဗေဒပညာရှင်တစ်ဦးနဲ့အတူ သင်္ချာသမားမိတ်ဆွေဟာ အဲ့ဒီအချက်ပြမှုရဲ့ တည်နေရာကို ရှာဖွေဖော်ထုတ်ပေးရမှာဖြစ်ပါတယ်။ အသုံးပြုတဲ့ အာကာသမှန်ပြောင်းကအချက်အလက်တွေအရ၊ နက္ခတ္တဗေဒပညာရှင်ရဲ့ ခန့်မှန်းတွက်ချက်မှုအရ၊ ၎င်းတည်နေရာဟာ ကြယ်လေးလုံးနဲ့ ဘောင်ခတ်ကန့်သတ်ထားတဲ့ ဧရိယာတစ်ခုအတွင်းမှာ ရှိနေရမယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မိတ်ဆွေဟာ ကြယ်တွေကြားက ဧရိယာကို တွက်ချက်နိုင်ရင် အာကာသလေ့လာရေးတယ်လီစကုပ်တွေကို နည်းစနစ်ကျကျအသုံးချပြီး 'အချက်ပြမှု' ရဲ့ တည်နေရာကို ထိထိရောက်ရောက် ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အဆုံးမရှိကြယ်ပြောလှတဲ့ စကြ်ာဝဠာကြီးထဲမှာ အမှန်တကယ် ဦးစားပေးလေ့လာရမဲ့ နယ်နမိတ်ဧရိယာတစ်ခု သတ်မှတ်ပေးဖို့ဆိုတဲ့အချက်ဟာ သင်္ချာပညာရှင်မိတ်ဆွေရဲ့ အရေးကြီးလှတဲ့ လုပ်ငန်းတာဝန်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီလို ကြီးလေးလှတဲ့ တာဝန်ကို သင်္ချာပညာရဲ့ အခြေခံသဘောတရားလေးတွေကို အသုံးချပြီး အောက်ပါအတိုင်း ဖြေရှင်းတွက်ချက်ပေးနိုင်ပါတယ်။

 

အထက်မှာ တင်ပြထားတဲ့ပုံမှာ မျဉ်းတိုလေးတွေနဲ့ ဘောင်ခတ်ထားတဲ့စတုဂံရဲ့ ဧရိယာဟာ 14 × 8 = 112 ဖြစ်ပြီး ယူနစ်က ‘အလင်းနှစ်-နှစ်ထပ်’ ဖြစ်ပါမယ်။ အဲ့ဒီနောက် တြိဂံလေးခုရဲ့ ဧရိယာကို တစ်ခုချင်းတွက်ချက်တဲ့အခါ၊ T1 ရဲ့ ဧရိယာဟာ ½ × 8 × 2 = 8 ly2 ဖြစ်ပါတယ်။ အလားတူ တွက်ချက်မှုတွေကို သုံးပြီး T2, T3 နဲ့ T4 ရဲ့ ဧရိယာတွေကိုရှာတဲ့အခါ 10, 4 နဲ့ 14 ly2 အသီးသီးရပါတယ်။ ညဘက်ထိပ်ထောင့်ကစတုရန်းငယ်ရဲ့ ဧရိယာ S က 4 ly2 ဖြစ်ပါတယ်။ နောက်ဆုံးမှာ ကြယ်လေးစင်းတည်ရှိနေတဲ့ အတွင်းလေးထောင့်ပုံ ဧရိယာဟာ 112 − 8 − 10 − 4 − 14 − 4 = 72 ly2 ဖြစ်ပါတယ်။

၁၈၉၉ မှာ ဩစထြွီးယန်း သင်္ချာပညာရှင် ‘ဂျော့ပစ်’[10] က၊ အခုအခါမှာ ‘ပစ်၏သီအိုရမ်’[11] လို့ခေါ်တဲ့ ဧရိယာရှာနည်းတစ်ခုကို တင်ပြခဲ့ပါတယ်။ အဲ့ဒီနည်းကတော့ "ထောင့်စွန်းတွေဟာ ဇယားကွက်တစ်ခုရဲ့ အမှတ်တွေပေါ်မှာ တည်ရှိနေတဲ့ ပုံသဏ္ဍာန်တွေရဲ့ ဧရိယာ" ကို တွက်ချက်ဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ၎င်းကတော့

လို့ဖြစ်ပြီး i က အတွင်းပိုင်းအမှတ်တွေရဲ့ အရေအတွက် (အပေါ်ကပုံအရ x အရေအတွက်)ဖြစ်ပြီး၊ b က ပုံသဏ္ဍာန်ရဲ့ ဇယားကွက်ပေါ်မှာရှိတဲ့ (အစက်တွေရဲ့) အနားသတ်အမှတ် အရေအတွက် ဖြစ်ပါတယ်။ ဒါကြောင့် ‘ပစ်’ ရဲ့ သီအိုရမ်အရ

Area     = 69 + 8/2 -1

            = 69 + 4 -1

            = 72 ly2

ပဲ ဖြစ်တဲ့အတွက်၊ ရိုရိုးသာမန်နည်းနဲ့ တွက်ချက်ထားတဲ့ အဖြေနဲ့ အတူတူပဲ ဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် သင်္ချာကိုသာ အသုံးမချရင် စကြာဝဠာလေ့လာရေးကို ထိထိရောက်ရောက် လုပ်နိုင်မှာမဟုတ်ဘူးလို့ ဆိုချင်ပါတယ်။

၁၉၇၄ ခုနှစ်မှာ အမေရိကန် နက္ခတ္တဗေဒပညာရှင်တွေဖြစ်ကြတဲ့ ‘ဖရန့် ဒရိတ်’[12] နဲ့ ‘ကားလ် ဆေဂန်’[13] တို့က "ဒီအင်န်အေ၊ လူသားမျိုးနွယ်နဲ့ နေအဖွဲ့အစည်းရဲ့ဂြိုဟ်တွေအကြောင်း အချက်အလက်တွေကို သင်္ချာနည်းနဲ့ ကုဒ်သွင်းထားတဲ့" သတင်းစကားတစ်ခုကို ‘ပေါ်တို ရီကို’[14]မှာရှိတဲ့ ‘အေရီဆီဘို’[15] ရေဒီယိုတယ်လီစကုပ်ကနေ တခြားကမ္ဘာကသက်ရှိဂြိုဟ်သားတွေအတွက်ရည်ရွယ်ပြီး အာကာသထဲကို ထုတ်လွှင့်ပေးပို့ခဲ့ပါတယ်။ သိပ္ပံပညာရှင်အများစုရဲ့ယူဆချက်က "လူသားတွေနဲ့ ဆက်သွယ်နိုင်တဲ့ ဂြိုလ်သားသက်ရှိပုံစံတိုင်းဟာ၊  ကျွန်တော်တို့ရဲ့သတင်းစကားတွေကို ဖမ်းယူနားလည်နိုင်ဖို့ဆိုရင် သင်္ချာပညာကို လုံလောက်စွာ နားလည်သဘောပေါက်ရမယ်" ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ်၊ လူသားနဲ့ အခြားကမ္ဘာကအသိဉာဏ်ရှိဂြိုဟ်သားတွေ အချင်းချင်း ဆက်သွယ်နိုင်ဖို့ဆိုတဲ့ကိစ္စမှာ သင်္ချာဟာ တစ်နေရာရာမှာ မုချပါ၀င်နေမယ်ဆိုတာ ကျွန်တော်တို့ အသေအချာ ပြောနိုင်ပါတယ်။

 

နိဂုံးအမှာ

ဒါကြောင့် ဒီဆောင်းပါးကို အနှစ်ချုပ်ရမယ်ဆိုရင် သင်္ချာပညာရပ်ဆိုင်ရာ အယူအဆ သဘောတရား လုပ်ဆောင်ချက်တွေဟာ ‘ကြီးသည်ငယ်သည်မဟူ၊ ခက်ခဲသည်ရိုးရှင်းသည်မဆို’ ကျွန်တော်တို့ရဲ့ နေ့တဓူဝ ကျန်းမာရေးကိစ္စတွေ၊ အသိဉာဏ်ပညာအခြေပြုကောက်ချက်ဆွဲခြင်းကိစ္စတွေ၊ စီမံခန့်ခွဲရေး နေရာချထားရေးလိုကိစ္စရပ်တွေအပြင် အနုပညာခံစားမှု အမြင်အာရုံ အကြားအာရုံ စတဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အာရုံခံစားမှုတွေမှာအပြင်၊ အာကာသ စကြာဝဠာ လေ့လာရေး၊ အခြားတစ်ပါးသောကမ္ဘာက အသိဉာဏ်ရှိ သက်ရှိတွေကို ရှာဖွေရေး ၎င်းတို့နဲ့ဆက်သွယ်ရေး တို့လိုကိစ္စတွေအထိ ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှုင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေတယ်ဆိုတာ၊ ကျွန်တော်တို့သာ သတိမူပြီး ကြည့်ရှုမယ်ဆိုရင် မြူ အရွယ်အစားပင်ဖြစ်စေကာမူ၊ အသေအချာ အထင်အရှား မြင်တွေ့ရမှာဖြစ်ကြောင်း တင်ပြရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။          



[1] Differential & Integral Calculus

[2] Solid Geometry

[3] Trigonometry

[4] Statistical Analysis

[5] BMI-for-age

[6] Body Mass Index

[7] Calculus

[8] Differential Calculus

[9] Power Rule

 

[10] Georg Alexander Pick (10 August 1859 – 26 July 1942)

[11] Pick's theorem

[12] Frank Drake (May 28, 1930 – September 2, 2022)

[13] Carl Sagan (November 9, 1934 – December 20, 1996)

[14] Puerto Rico

[15] Arecibo

Monday, September 12, 2022

Artificial Intelligence: A Modern Approach

နည်းသစ် ဉာဏ်ရည်တုပညာ
=============== 
ဒီစာအုပ်ဟာ 
 ကမ္ဘာ့နိုင်ငံပေါင်း ၁၃၄ နိုင်ငံရဲ့ ကျောင်းပေါင်း ၁၅၄၁ ကျောင်းမှာ 
ဉာဏ်ရည်တုပညာနဲ့ ပတ်သက်ပြီး ရည်ညွှန်းပြဌာန်းစာအုပ်အဖြစ်အသုံးပြုနေတဲ့ 
Stuart Russel နဲ့ Peter Norvig တို့ရဲ့ 
“Artificial Intelligence: A Modern Approach, 4th Edition, Global Edition, 2021” စာအုပ်ရဲ့ 
အခန်း ၁ ကနေ ၉ အထိကို အသေးစိတ်ဖွင့်ဆိုရှင်းပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ 

အဲ့ဒီလို ဖွင့်ဆိုရှင်းပြတဲ့နေရာမှာ 
မြန်မာလိုသက်သက်သာမဟုတ်ပဲ 
အရေးကြီးတဲ့ မူရင်း အင်္ဂလိပ် စကားလုံး၊ အသုံးအနှုံး၊ ဝါကျ၊ စာပုဒ် တွေကို အသုံးပြုပြီး 
စာသင်ခန်းမှာ အင်္ဂလိပ်ပြဌာန်းစာအုပ်ကို မြန်မာဖွင့်ဆိုရှင်းပြတဲ့ အရေးအသားပုံစံနဲ့ တင်ပြထားတဲ့အတွက် 
စာဖတ်သူကို မြန်မာလိုရော အင်္ဂလိပ်လိုပါ ကောင်းစွာ နားလည်သဘောပေါက်စေရုံသာမက 
ကိုယ်တိုင်ဆက်လက်လေ့လာနိုင်စွမ်းရှိဖို့ နဲ့ 
နိုင်ငံရပ်ခြားပညာရှင်များနဲ့ ပြောဆိုဆွေးနွေးနိုင်ဖို့အထိ ရည်ရွယ်ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ 

ပုံနှိပ်ဆဲကာလဖြစ်လို့၊ ကြိုတင်အမှာစာတွေကို "မီဒီယာဒေတာ" စာပေတိုက်ကို ပေးပို့မှာကြားနိုင်ပါတယ်။

Friday, April 22, 2022

ပရိုဂရမ်မာ ဆော့ဖ်ဝဲအင်ဂျင်နီယာမှ ကွန်ပျူတာသိပ္ပံပညာရှင်သို့

ပရိုဂရမ်မင်း ဆော့ဖ်ဝဲအင်ဂျင်နီယာရင်း ကွန်ပျူတာသိပ္ပံ နှင့် သင်္ချာ ပညာရပ်ဆိုင်ရာ ဆောင်းပါးများ